Ad Code

ကျွန်ုပ် နှင့် မှော်ဆရာကြီး


တစ်နေ့ သ၌ ကျွန်ုပ်သည် တောတောင်လျှိုမြှောင်များဖြင့် ပြည့်နေသော စမ်းချောင်းငယ်မှ ချောင်းရေများ တသွင်သွင် စီးနေသော နေရာတစ်ခုသို့  အဖော်တစ်စု နှင့် သွားနေလေ၏။ ထိုနေရာကာ အဆင်းလမ်း ဖြစ်သော ကြောင့် အတော့်ပင် ဂရုတစိုက် နှင့် သွားလာနေရ သည်။ မတော် ချော်ကျလျှင်ကား မစားသာပေ။ သို့ နှင့် တနေကုန် တနေခန်းနီးပါး ခရီး နှင်ခဲ့ လေရာ ထိုစိမ့်စမ်းများ မှရေ ကို သောက်သုံးပြီး ထို အဖော်တစ်စု နှင့် ခရီးလမ်းဆုံး သို့ ရောက်လေသည်ဟူသတဲ့။ ထိုနေရာကား တောင်ကုန်းကြားမှ အနည်းငယ်မြေပြန့်သဖွယ်
ဖြစ်နေပြီးလျှင် အင်မတန်လှပသော အိမ်ဝင်းကြီး တစ်ခု ရှိလေသည်။ ထိုအိမ် အနီးတွင်လည်း အုပ်ဆိုင်းညို့ မှိုင်းသော ၊ လုံးပတ်အားဖြင့် လူသုံးဖက်စာခန့် ရှိသော ပင်စည်ကြီးမာသော ဧရာမသစ်ပင်ကြီးများ သည်လည်းရှိလေ၏။ ပန်းဥယျဉ် သဖွယ် ထို အိမ်ခန့်ခန့် ကြီး တစ်ဝိုက် သစ်ပင် ပန်းမာလ်များ ဖြင့် လည်းများစွာ
ရှု့ မငြီးအောင်သာယာလှမောဖွယ် ဖြစ်နေလေ၏။
          ထိုအိမ်ကြီး ၏ ရှေ့ မှ တောလမ်း အတိုင်းဆက်လက်သွားသော်ကား ဟိုမှာတစ်အိမ်၊ သည်မှာတစ်အိမ်ဖြင့် အနည်းဆုံး ၇ အိမ်စုခန့် ရှိလေ၏။ ကျွန်ုပ် တို့  ကို ဦးဆောင်လျှက်လာသူ ကား မှော်ဆရာကြီး ဖြစ်ဟန် တူ၏။ ထိုမှော်ဆရာကြီး တွင်လည်း များပြား လှစွာသော အခြွေအရံတို့ သည်လည်း ၀ိုင်းရံ ကာ လိုက်ပါလေကြ၏။ ထို သာယာလှပသော အိမ်ဝင်း သို့  ၀င်နိုင်ရန် အတွက် မှော် အတတ်ပညာဖြင့် မည်သို့  မည်ပုံ ကား ပြုလုပ်ထားသည် ကို မသိ၊ ပန်းခြံငယ် အတွင်း မှ လည်း အရူးသဖွယ် အဖွားအို တစ်ဦးကား တောင်ဝှေး ကို ထောက်လျှက် ထို မှော်ဆရာကြီး နှင့် ခပ်လှမ်းလှမ်းမှ ယှဉ်သွားနေလေ ရာ မှော်ဆရာ ကြီးသည် သူ့ တပည့်များနှင့် ထို ခန့်ငြားသော အိမ်ကြီးသို့ ဦးတည်သွားနေလေ၏။
          မှော်ဆရာကြီးသည် ရုတ်တရက် သူ နှင့် ပန်းရုံများကို ကွယ်လျှက်လိုက်ပါလာသော ထို အရူးသဖွယ်အဖွား အို အားများစွာသော မနှစ်ချိုက်သော အကြည့်ဖြင့် ကြည့်ကာ မှော်ဂါထာတစ်ခု ရွတ်လိုက်လေရာ သူ့  နှုတ်မှ ထွက်သမျှ မှော်ဂါထာမှားမှာကား မီးစိုင်မီးခဲအသွင် ထို အဖွားအို ၏ နားသို့ ရောက်သွားလေ၏။ ထိုအခါ ထို ယှဉ်ပြိုင်ဖက် အဖွားအိုလည်း မှော်ဆရာကြီး၏ အစွမ်း ကို ကောင်းစွာသိရှိလိုက်ရလေသဖြင့် အလျော့ပေးကာ ထို စံအိမ်တော်ကြီး ဆီသို့  ၀င်ခွင့် ပြုလေသည်။ ကျွန်ုပ်သည်လည်း များစွာတုန်လှုပ်မိသော်ငြားလည်း အံ့မခန်း မှော်ပညာ ကို တွေ့ ရလေသဖြင့် အတန်ငယ် ပင်
ငေးကြည့်ယင်း ထို အဖွဲ့  နှင့် ရောယောင်ကာ လိုက်ပါသွားလေသည်။
          ထိုအိမ်ကြီး သို့  ၀င်သော နေရာမှ ကျော်လွန်သော်ကား အိမ်တွင်းသို့ မရောက်မှီကား ဂိုဒေါင်သဖွယ်အမိုးကြီး မိုးထားသော အဆောက်အဦအတွင်း သို့  ဖြတ်သန်းသွားရမည်ဟူတဲ့ ။ ထိုနေရာသို့ ရှေ့ မှ လူများကား မှော်ဆရာကြီး ဦးဆောင်ကာ သွားနှင့်ကြလေရာ ကျွန်ုပ်တစ်ဦးတည်း အဖော်ပြတ်ကာ နောက်ကျ
ကျန်ခဲ့ လေ၏။ အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်သည် နောက်ဖေး နောက်ဖီ သွားချင်လာသဖြင့် ထို အနီးနား က အိမ်တစ်လုံးသို့  ခေတ္တ သွားနေခဲ့ သောကြောင့်ပေတည်း။ ထိုသို့ နောက်ဖေး နောက်ဖီသွား ရန် မဝေးလှသော အိမ် သို့  သွားလေရာကား ထိုအိမ် သည် ချောင်း ၏ ချောက်ကမ်းပါး အနီး တည်ဆောက်ထားသည်ဟူသတဲ့။ အိမ် ဟူသည်ကား လည်း များစွာ ခိုင်ခန့်  လှသည်ကား မဟုတ် ခပ်ယိုင်ယိုင် ခပ်ရွဲ့ ရွဲ့  ဖြစ်နေ ကာ ရေအိမ် ကိုလည်း ချောင်း ဖက်သို့ ထုတ်ကာ အကာအရံ သည်လည်း ကျိုးတို့  ကျဲတဲ သော ၀ါးထရံ များ နှင့် ကြမ်း ပေါက်များ သည်လည်း အင်မတန် ကြဲနေလေ၏။
          အောက်သို့ လှမ်းကြည့်သော် ကား ချောင်း ရေ စပ်စပ် နှုတ်ခမ်းမှ များစွာသော မစင်ပုံကြီး သည် ယင်ကောင် တလောင်းလောင်း နှင့် ဆိုးရွားသော အနံ့ အသက်များ သည်ကား အော့နှလုံးနာစရာ၊ အောဂလီ ဆန်စရာ ကောင်းနေရာ နှာခေါင်း ပိတ်၍ အိမ်သာတွင်း ၀င်လေသော်ကား ထို အိမ်သာ၏ ခြေချစရာ အထိုင်သည်ကား ပုခက်ကဲ့ သို့  ရှေ့ တိုးနောက် ဆုတ် ဘေးဘီ အနည်းငယ် အားဖြင့် လှုပ်ယမ်းနေရကား တက်ရမည့်သူမှာ ထို အိမ်သာမှ ချောင်းအောက်သို့ များ ကျသွားလေမည်လား ဟု များစွာ စိုးရွံ့ နေလေ၏။
          ထို လှုပ်ယမ်းနေသော အိမ်သာ အားတက်ရန် မဖြစ် နှိုင်သဖြင့် လည်း ဘေးမှ အိမ်သာတက်ရန် ပြန်အထွက်တွင် ကား ယခုအတူ လုပ်ဖော်ကိုင်ဖက် အင်ဂျင်နီယာ တစ်ဦးသည် ထိုအိမ်သာမှ ထွက်လာသည်နှင့် အဆင်ပြေလား ဘာလားမေးသတဲ့ ။ ထိုနည်း လည်းကောင်း မလွယ်သော ကိစ္စ တပိုတပါးရှင်းရန်ကား အိမ်သာ ပြဿနာကြောင့် များစွာ စိတ်ညစ်နေရလေ၏။ ထို သူငယ်ချင်းမှ လည်း သတိထား၍ တက်ရန် နှင့် အတက်မတော် ကြမ်းကျိုးကာ အိမ်သာအောက် ချေးပုံထဲ သို့  ကျွမ်းစိုက်သွား နိင်ကြောင်း ပုခက်ကဲ့ သို့  ယိမ်းထိုးနေသော အိမ်သာခုံ နှစ်ခုအားလည်း မည်သို့ မည်ပုံ ထိုင်ရမည် ကိုလည်း သူ က ရှင်းပြသွားပြေရာ မလွယ်သော ကိစ္စကို ရှင်းရန် ထပ်တက်လေသည်။ သို့ ပါသော်ငြားလည်း ဘေးမှ မလုံသော အကာ၊ ယိမ်းထိုနေသော အိမ်သာခြေနင်း ၊ ကြဲနေသော ကြမ်း နှင့် မည်သို့မှ မဖြစ်နိုင်တော့သဖြင့် ကြီးစွာသော ဇောချွေးပြန်ကာ မနည်းအောင့်အီးထားရလေတော့သည်။
          ထိုမှ လက်လျော့ကာ ချောင်းနဘေးမှ အိမ် ကို ကျောခိုင်း၍ မှော်ဆရာကြီး နောက်သို့  လိုက်မည်ဟု ပြန်လည်ထွက်လာခဲ့ လေပြီးနောက် မှော်ဆရာကြီး ၀င်သွားသော အိမ်ဝင်းသို့ ရောက်ရန် အတွက်ယင်း ဂိုဒေါင် ဟု ထင်ရသော ကြီးမားသော အဆောက်အဦးထဲ ကို ဖြတ်သန်းရပေတော့မည်။ ည အချိန်ကျရောက်လာသဖြင့်
ထိုပတ်ဝန်းကျင်တွင်လည်း အလွန်မှောင်မည်းနေလေ၏။ ထို ဂိုဒေါင်ထဲတွင်ကား မီးအလင်းရောင် အနည်းငယ် မှုန်ပြပြလေးကို မြင်ရသဖြင့် ဆက်လက်ဝင်သွားလေရာ ထို အထဲရောက်သောအခါမှ ကြည့်လိုက်သော အခါ များစွာတုန်လှုပ်ခြောက်ခြားသွားလေတော့သည်။ မြင်ရသော မြင်ကွင်းသည်ကား အင်မတန်ကြောက်မက်ဖွယ်
ရာဖြစ်လေရ ကား မျက်စိနှစ်လုံးဖွင်ထား၍ မြင်နေသော အရာများမှာ လူသေကောင်များ ကို အရေခွံ နွှာထားသကဲ့ သို့  အပေါ်ရံအရေပြား မရှိတော့ပဲ အားလုံး တုံးလုံးပက်လက်များ ဖြင့် စားပွဲခုံပုများ တွင် ဖြစ်သလို ပစ်တင်ထားသတဲ့။ တစ်ချို့ ကား ခေါင်းပြတ်လျှက်၊ တစ်ချို့ ကား ခြေ ပြတ်လျှက်၊ တစ်ချို့ ကား လက်ပြတ်လျှက်၊ ယောက်ျား၊ မိန်းမ၊ ကလေး သူငယ် အသေကောင် ပေါင်းများစွာ တို့ သည်လည်း ပုံတိုက်ထပ်သကဲ့ သို့  ရှိနေလေ၏။ ဟိုမှာ ဖက်တွင်လည်း လူ အရှင်လတ်လတ် တို့ အား ခေါင်းဖြတ်သူ က ဖြတ်နေလေ၏။ ဓါးဖြင့် အရေခွံဆုတ်သူက ဆုတ် နေသဖြင့် ဖြတ်သန်းသွားရာ တစ်လျှောက် ကျောစိမ့်စရာ ဖြစ်နေကာ ထို သတ်ဖြတ်နေသောသူများမမြင်အောင် လည်း သွားသည်ဟူသတဲ့။
          ဤသို့ ကြောက်ကြောက်လန့်လန့် နှင့် သွားနေစဉ် အတွင်း တွင် အသေကောင်ခုံပေါ်မှာ ကလေးသူငယ်တစ်ဦးမှာ စကားလှမ်းပြောလေရာ သူမသေ သေကြောင်း နှင့် ကယ်ပါ ယူပါ ဟု တောင်းဆိုနေလေတော့သည်။ ကျွန်ုပ်မှာကား လက်ချည်းဗလာ ဖြင့် သူကလည်း အများသူငါလို အရေခွံချွတ်ထားခြင်းခံရသဖြင့် သွေးသံရဲရဲ နှင့် လက်တဖက် က လက်ယက်ခေါ်နေလေသည်။ မည်သို့မှ မကူညီနိုင်ပဲ ရှေ့ သို့ တိုး၍သာ ထွက်ပေါက်ကို အမြန်ဆုံးဦးတည်သွားနေရလေသည်။
          ထွက်ပေါက် ကို ရောက်မှ စိတ်က ဒုန်းဒုန်း ကျကာ သြော် ငါ သေဘေးကြီးမှ လွတ်လေပြီဟု အမှတ်နှင့် ဆက်သွားလေသော် ကား လည်း ထို ခုနှစ်အိမ်စု သို့  ရောက်လာပြန်လေသည်။ ထို ခုနှစ်အိမ်စု အနီးမှ ချောင်း ရေသည်ကား တဖြေးဖြေး မြင့်တက်လာသည် ကို မျက်စိအောက်တွင် မြင်တွေ့ နေရသဖြင့် ထိုချောင်းရေဖြင့် ပါလာအံ့သော များစွာသော မစင် တို့ မှာ ခြေထောက်ဖြင့် ကပ်ငြိပေတော့မည် ကို အလွန်ကြောက်နေလေသည်။ ချောင်းရေ အသွင်မှာလည်း ရွှံ့ နှစ်ရောင် ဖြင့်နေကာ ကျွန်ုပ်ရှေ့ မှလည်း မည်သည်တုန်း က ရောက်လာသည် မသိ လူနှစ်ဦးတို့ သည်လည်း ဖိနပ်ချွတ်ကာ ထိုရေ မှ ထိခြင်းကင်းရန် ရှောင်လွဲကာ သွားနေကြလေ၏။ ကျွန်ုပ်သည် လည်း ထို မစင်ရေများ ကို မထိနိုင်စေရန် အတွက် ကား ခိုစရာ တန်းတစ်ခု ရာသွားလေသဖြင့် တွဲလောင်း ခိုကာ ထို အိမ် အထိ ရောက်အောင် သွားခဲ့ ရလေသည်။
          ထိုအိမ်သည်ကား ကျွန်ုပ်သွားနေကျအိမ်တစ်ခုလို ဖြစ်နေလေ၏။ သို့ သော် ကိုယ်နှင့် သိကျွမ်းသူများ
ဖြစ်နေပေ ရာ ကျွန်ုပ်သည် လည်း သူတို့  နှင့် စကားစမြည်ပြောဆိုနေခဲ့ လေသည်။ ထိုသို့  ပြောဆိုနေယင်းမှ
အိမ်အောက်သို့ ကြည့်လတ်သော် များစွာသော ချောင်းရေတို့ မှာ အိမ်အောက်တွင် ပြည့်နေလေတော့သည်။
ထိုအိမ်တွင် လည်း ဧည့်သည်အများအပြား ရောက်နေသည်ကိုလည်း တွေ့ မိလေသည်။ ထို ဧည့်သည်များတွင်ကား နိုင်ငံကျော် ရုပ်ရှင်မင်းသား နေတိုး သည်လည်း တပည့်တပန်းများ နှင့် တစ်စုံတစ်ခုသော အကြောင်း ၊ မှော်ဆရာ အကြောင်းဝေဖန်နေသည် ကို ကြားမိလေ၏။
          ကျွန်ုပ်သည်ကား မင်းသားနေတိုး အား သတိပေးလို သဖြင့် သူတို့  ၀ိုင်းသို့ သွားကာ နေတိုး အားလက်တို့ လက်လျှက် ပြူတင်းပေါက်နားသို့ ခေါ်ကာ ဤနေရာသည်ကား မှော်ဆရာကြီး ပိုင်သော နေရာ ဖြစ်လေသည်။ ခင်ဗျား ပေါက်ကရပြောနေသည်ကို ထိုမှော်ဆရာကြီးကား ကြားသိနိုင်သည်။ မှော်ပညာများစွာတတ်ကျွမ်းသဖြင့် သူ့ အကြောင်းမကောင်းပြောသူ အား ချက်ချင်းသတ်ပစ်နိုင်သော ကြောင့် မ
ပြောလေနှင့် ဟု တားမြစ်လေရာ နေတိုး က လည်း ခေါင်းတညိတ်ညိတ် ဖြင့် နားလည်ဟန်ပြကာ သူတို့ ဝိုင်းသို့  ပြန်သွားလေတော့၏။ ထိုခုနှစ်အိမ် တန်းလေး သည် တောင်ကုန်း အဆင်းအတက်လေးများ ဖြင့် ပြည့်နှက်နေပြီး တော့တောင် စိမ့်စမ်းများ စမ်းချောင်းလေး များဖြင့် အင်မတန်မှသာယာလှပကာ ထို မှော်ဆရာကြီး ၏ သတင်းများကြောင့် များစွာသော အလည်အပတ်လာသူများ နေ့တိုင်းလိုလို ရှိနေလေသည်။
          ထိုလူများထဲ မှ မှော်ဆရာကြီး က သူ့ ပညာဖြင့် ညှို့ ယူထားကာ တစ်ချို့ ကားလည်း သေတွင်းသို့  ပို့ တတ်ကြောင်း ကိုလည်း မျက်မြင်တွေ့ ခဲ့ ရကား သူ့ အကြောင်း ကို မပြောရဲတော့ပေ။ သူကား ကြောက်မက်ဖွယ်ရာတည်း ဟု စိတ်က ကြောက်နေလေသည်။ ထိုမှ တဖန် အိမ်အောက်သို့  ဆင်းကာ အပေါ့အပါး ခြေခင်းလက်ခင်းသာတုန်း သွားဦးမှ ဟု သွားလေသော်ကား သူတို အိမ်သာမှာ တံခါး ပိတ်ထားလျှက်တွေ့ သောကြောင့် အပြင်ဖက် တွင် သီးသန့် အပေါ့အပါးသွား ရန် နေရာပြုလုပ်ထားလေ၏။ ထို ထရံကာ ထားသော အပေါ့သွားရန် နေရာထဲ သို့  ၀င်၍ အပေါ့သွားမည်ဟု ကြံဆောင်နေလေသည်။ ဤတွင်ကား ထိုနေရာတွင်ရေးထားသော စာသားကို ဖတ်ကြည့်မိလိုက်လေသည်။ ဤသို့ ရေးထားလေ၏။
“ Do Not Lead to Red” စာလုံးကား အနီရောင် အောက်ခံကား အဖြူရောင် ဖြစ်လေရာ ထိုစာကို ဖတ်ပြီးစဉ်းစားနေခိုက် ၊ ချာတိတ်မလေး လေးငါး ဦးသည် သူ တို့ ဖခင် ဆီးအိုး အား ထိုနေရာကို လာသွန်ကြလေရာ ဖခင်မှာကား ဆီးချိုရောဂါ ခံစားနေရသည်ဟု ပြောပြကာ သူတို့  ဖခင်ဆီးအိုးမှ ဆီးအား သွန်ချ နေစဉ် ဆီး အရောင် ကို စစ်ရန် ဖစ်လ်တာ အပေါ်က စာသားကို ဖတ်ပြီး အရောင်ပြောင်းမပြောင်းကြည့်နေကြလေကုန်၏။ ကျွန်ုပ်သည်ကား အပေါ့သွား၇န် အသင့်ဖြင့်နေသဖြင့် ထိုသူငယ်မများ ရှိနေလေရာ မည်သို့မှ မသွားနိုင်ပဲ ဆီးအောင့်သော ဒါဏ် ကို ကောင်းစွာ ခံစားနေရလေ၏။
          ဆိုးရွာသည်မှာကား ထိုသူငယ်မတို့ သည်လည်း အတော်နှင့်မသွားနိုင်ခြင်းဖြစ်နေ၏။ နှင်ထုတ်ရန်လည်း အခက်၊ ကိုယ် ကလည်း သူတို့ လုပ်တာ စိတ်ဝင်စားနေပြန်၊ သူတို့ ကလည်း အရေးထဲ စကားလာပြောနေပြန်၏။ မဟာဒုက္ခ တွင်းဆုံးကျသည် နှင့်တူလှကား ကျွန်ုပ် ၏ အကျင့်မှာလည်း တပါးသူ တစ်ဦးဦး ရှိနေပါ က မည်သို့ မျှ ဆီးမစွန့် နိုင်ခြင်းကြောင့် ချွေးစေးများပြန်လာကာ အနေရအတော်ခက်လာလေသည်။ သို့ နှင့် ပြန်ထွက်လာလေတော့သည်။ ဆီးစွန့် ရန်နေရာ မှ ကုန်းဆင်း အနည်းငယ် သွားလတ်သော် အိမ်ကြီး တစ်အိမ် အောက်ထပ်တွင်ကား မော်တော်ကား အနက်ရောင်ကြီးတစ်စီး ထိုးထားလေ၏။ ထိုကားကြီး ကို မောင်းသော ယာဉ်မောင်း ဖြစ်သူ သည် အမှတ်စာရင်းကဲ့ သို့  စာရွက်အား ယူသွား လျှက် သူ့ သမီးသည် ဆယ်တန်းအောင်လေပြီဟု ပြောသံကို ကြားမိ၏။ ထိုသူတို့  မမြင်မိစေရန် အတွက် ခြေသံ ကို ဖော့ကာ ဖြတ်သန်းသွားနေသော်လည်း သူတို့ ကြားလေသဖြင့် ကျွန်ုပ်သည်ကား ခြေဖနောင့်နှင့် တင်ပါ တစ်သားတည်း ကျအောင်ပြေးလေတော့၏။
          ထိုသူနှစ်ဦးတို့ သည်လည်း သူတို့ တွင်ရှိသော သေနတ်များဖြင့် ကျွန်ုပ်အား လိုက်လံပစ်ခတ်လေရာ နောက်ကျသော ခြေထောက်သစ္စာဖောက်ဟု ခံယူကာ ပြေးမိပြေးရာ ပြေးရလေတော့၏။ ထိုသို့ ပြေးယင်း ဖြင့် မှော်ဆရာကြီး၏ အိမ်တွင်းသို့ မည်သို့ ရောက်သွားသည် မသိ၊ များစွာသော လူအပေါင်း တို့ သည် ကျုံ့ ကျုံ့  ထိုင်ကာ ဆရာကြီး၏ ပြောပြချက်များ ကို နားထောင်နေကြကုန်၏။
          နောက်ဆုံးမှ ရောက်ပြီး ပုန်းကွယ်ရာနေရာရှာယင်း ကျွန်ုပ်သည် များစွာ ကြောက်ချွေးပြန်လျှက်ရှိလေ
၏။ ကံကောင်းထောက်မစွာ ထို သကောင့်သားများသည်ကား မှော်ဆရာကြီး အားကြောက်၍ လားမသိ ထိုအိမ်ကြီး အတွင်းသို့  ၀င်ရောက်မလာခဲ့ သောကြောင့် ကျွန်ုပ်သည်ကား အသက်ချမ်းသာရပေတော့သည်။
ထိုသို့  ဇောချွေးပြန်ကာ အာခေါင်ခြောက်၍ ရေငတ်လာစဉ်အတောအတွင်း ကျွန်ုပ်၏ မျက်လုံးများလည်း ပွင့်လာရာ အိပ်ရာမှ လန့် နိုးလာခဲ့ လေသည်။ အချိန်ကား ညည့် ၃ ချက်တီးပြီဖြစ်လေတော့သည်။
( မှတ်ချက်။    ။ တမြန် မနေ့က ညည့် ၂ ချက်တီးအထိ သိန်းဖေမြင့်ရေးသော အရှေ့ က နေ၀န်းထွက်သည့်ပမာ ဒုတိယတွဲတွင် ဂျပန်ဗုံးကြဲသော ကြောင့် ၇န်ကုန်မြို့ ပေါ်တွင် လူသေကောင် အလောင်းများ၊ ခေါင်းပြတ်၊လက်ပြတ်၊ ခြေပြတ်များ နှင့် ဟိုနားတစ်လောင်း ဒီနားတစ်လောင်းမြင်မကောင်းအောင် ဖြစ်နေသည်ဟု ဖတ်ရှု့ ခဲ့ ခြင်း၊ ဂျပန်ဆူနာမီသတင်းတွင် ရေလှိုင်းများအဆမတန်မြင့်မားစွာတက်လာသည့် သတင်းကိုကြည့်ခဲ့ ခြင်း၊ မနေ့ ညက လစ်ဗျားနိုင်ငံ ဘင်ဂါဇီ မြို့ တွင် ဒဏ်ရာကနေသော ကလေးငယ်အား ဆေးကုသနေပုံတို့ အား ကြည့်ရှု့ ခဲ့ ခြင်း အစရှိသော နောက်ခံအကြောင်းများသည်ကား အထက်ပါ ကြောက်မက်ဖွယ်ရာ အိပ်မက်အားမြင်မက်စေခြင်း ဖြစ်ပေမည်ဟု
တွေးတောထင်မြင်မိပါသည်။ ထိုအိပ်မက်အားမြင်မက်စဉ် အိပ်ချိန်သော်ကား ညည့် ၁၂ နာရီတိတိတွင်ဖြစ်ပြီး လန့် နိုးသောအချိန်မှာ မနက် ၃ နာရီ စွန်းစွန်းလေးပင်ဖြစ်ပါတော့သည်။)

Post a Comment

0 Comments

Close Menu